ထက်ဖြိုးဝေ နှင့် ဒေးဗစ်ထန်း တို့၏ သွင်းဂိုးများဖြင့် ရတနာပုံအသင်းကို အနိုင်ရရှိ

ထက်ဖြိုးဝေ နှင့် ဒေးဗစ်ထန်း တို့၏ သွင်းဂိုးများဖြင့် ရတနာပုံအသင်းကို အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဒုတိယပွဲစဉ်အဖြစ် ရတနာပုံအသင်း နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ရန်ကုန်အသင်းက ထက်ဖြိုးဝေ နှင့် ဒေးဗစ်ထန်း တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ပုံစံဖြင့်ပွဲထွက်ကစားခဲ့ပြီး ပွဲချိန် ၁၂ မိနစ်တွင် ရန်ကုန်အသင်း ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ရန်နိုင်ဦးကန်တင်ရာ ဒေးဗစ်ထန်း ခေါင်းတိုက်သွင်းရန်ကြိုးစားသော်လည်း တစ်ဖက်အသင်းနှင့်ထိပြီး ဦးဆောင်ဂိုးရခွင့်လွဲချော်ခဲ့သည်။ ရန်ကုန်အသင်း ဂိုးရရှိရေးအတွက် တစ်ဖက်အသင်း နှင့်အပြိုင်ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးသမား ဘုန်းသစ္စာမင်း က တစ်ဖက်အသင်း ဂိုးပေါက်ကန်သွင်းမှုများကို အကောင်းဆုံး ကာကွယ် ဟန့်တားနိုင်ခဲ့သည်။ ပွဲကစားချိန် ၄၅ မိနစ်ကျော်လွန်ပြီး အချိန်ပို ၁ မိနစ်တွင် ရန်ကုန်အသင်း ၁၈ ကိုက်ထိပ်တွင်ပြစ်ဒဏ်ဘောရရှိခဲ့ပြီး ထိုပြစ်ဒဏ်ဘောကို ထက်ဖြိုးဝေ အကောင်းဆုံး ကန်သွင်းနိုင်ခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၁-၀ ဂိုးဖြင့်ဦးဆောင် နေခဲ့သည်။
ဒုတိယပိုင်းတွင် ရတနာပုံအသင်း လူစားလဲမှုပြုလုပ်ခဲ့ပြီး ချေပဂိုးရရန်အတွက်ကြိုးစားခဲ့သည်။ ပွဲချိန် ၅၆ မိနစ်တွင် ကျော်မင်းဦး ၁၈ ကိုက်ထိပ်မှအပြင်းကန်သွင်းရန်ကြိုးစားသော်လည်း ဂိုးတိုင်ဘေးမှ ကပ်ထွက်ခဲ့သည်။ ရန်ကုန်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် ထက်ဖြိုးဝေ နှင့် ကျော်မင်းဦး တို့အပေးအယူမိမိဖြင့် ဘယ်ခြမ်းရှိ ဒေးဗစ်ထန်းကို ပေးပို့ရာ ဒေးဗစ်ထန်းက ဂိုးသမား ညာထောင့်သို့ သွင်းယူနိုင် ခဲ့သည်။ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ရမှတ်သုံးမှတ်ပြည့်ရယူနိုင်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးမင်းထွန်းလင်း က “ဒီနေ့အနိုင်ရရှိတဲ့အတွက် ဝမ်းသာပါတယ်။ ကစားသမားတွေဒီထက်ပုံစံ ကောင်းရအောင်ပိုကြိုးစားသွားပါမယ်။” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၂ ပွဲနိုင်၊ ရဂိုး ၄ဂိုး၊ ရမှတ် ၆ မှတ်ရရှိထားပြီး အဆင့် ၁ နေရာတွင်ရပ်တည်နေသည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရမှတ်တူဂိုးကွာချက်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ ရန်ကုန်အသင်းသည် လာမည့် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။