တတိယမြောက် နိုင်ပွဲထပ်မံရယူနိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်

တတိယမြောက် နိုင်ပွဲထပ်မံရယူနိုင်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၃ အဖြစ် သုဝဏ္ဏအားကစားကွင်းတွင် ကချင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဆီလာ က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲထွက်ကစားသမားတစ်ချို့အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဂိုးသမားနေရာတွင် ဘုန်းသစ္စာမင်း၊ ဇာနည်ထက်၊ ဟာဘီလာ၊ ညဏ်လင်းထက် တို့ကို ပြောင်းလဲ အသုံးပြုခဲ့သည်။ ပထမပိုင်းပွဲကစားချိန် ၂၅ မိနစ်အထိ ရန်ကုန်ယူနိုက်တက်အသင်းမှ ဝင်းနိုင်ထွန်း၊ ဆီလာ၊ ဟိန်းဇေယျာလင်း တို့ အခွင့်အရေးကိုယ်စီရရှိခဲ့သော်လည်း ကချင်ယူနိုက်တက်အသင်း ဂိုးသမား အကောင်းဆုံးကာကွယ်နိုင်ခဲ့‌ေသာကြောင့် ဦးဆောင်ဂိုးရရှိမည့် အခွင့်အရေးများနှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၂၆ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဒေးဗစ်ထန်း ခင်းပေးသည့် ဘောလုံးကို ဆယ်လာ က နှစ်ဆင့် ပိတ်သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးများ ထပ်မံရရှိအောင် ကြိုးစားခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့‌ေသာကြောင့် ပထမပိုင်းပွဲကစားချိန်အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ကချင်ယူနိုက်တက် အသင်းကို ၀-၁ ဂိုးဖြင့် ဦးဆောင်‌နေခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်အပြီး ပွဲချိန် ၅၂ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးများထပ်မံရရှိ ရန် လူစားလဲမှုတစ်ချို့ ပြုလုပ်ခဲ့ပြီး ဆီလာ အစား လမင်းထွေး၊ ဇာနည်ထက် အစား ဉက္ကာနိုင်၊ ပွဲချိန် မိနစ် ၇၀ တွင် ဝင်းနိုင်ထွန်း အစား စအောင်ပြည့်ကို၊ လှိုင်းဘိုဘို အစား ရန်ကျော်စိုး တို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ လူစားလဲပြီးနောက်ပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ကချင် ယူနိုက်တက်အသင်း ဂိုးသမား လက်စွမ်းပြကာကွယ်မှုများကြောင့် ဂိုးထပ်မံရရှိခဲ့ခြင်း မရှိဘဲ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ကချင်ယူနိုက်တက်အသင်းကို ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်းက “အနိုင် ၃ မှတ် ရတဲ့အတွက် ကျေနပ်ပါတယ်၊ ကစားအားကို အားရပေမယ့် ကစားပုံကိုတော့ အားရကျေနပ်မှုမရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ယနေ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၃ ပွဲနိုင်၊ ရမှတ် ၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမည့် မတ်လ ၁၁ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် ဒဂုံစတားယူနိုက်တက်အသင်းနှင့်ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။