တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး စုစုစည်းစည်းနဲ့ ယှဉ်ပြိုင်ကစားသွားမည်ဟု ဇော်ဝင်းသိန်း ဆို

တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး စုစုစည်းစည်းနဲ့ ယှဉ်ပြိုင်ကစားသွားမည်ဟု ဇော်ဝင်းသိန်း ဆို

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမားဇော်ဝင်းသိန်း က တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး စုစုစည်းစည်းနဲ့ ယှဉ်ပြိုင်ကစားသွားပါမည်ဟု မြဝတီအသင်းနှင့်ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် ညနေ ၃း၄၅ အချိန်၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် မြဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပြိုင်ဖက်အသင်းနှင့်ပတ်သက်၍ “သူတို့အသင်းက တက်ညီလက်ညီနဲ့ တစ်ဖက်အသင်းကိုယှဉ်ပြိုင်တဲ့ အသင်းဖြစ်တဲ့အတွက် အနည်းငယ်ခက်ခဲမှုတော့ရှိမှာပါ။ ခြေစမ်းပွဲကစားခဲ့ပေမယ့် ခုလာမယ့်ပွဲက ပြိုင်ပွဲဖြစ်တဲ့အတွက် ခြေစမ်းပွဲထက်ကိုပိုအားထည့်ပြီးကစားရမှာပါ။” ဟု ဆိုသည်။
ရန်ကုန်အသင်းနှင့် မြဝတီအသင်းတို့၏ ခြေစမ်းပွဲတွင် ရန်ကုန်အသင်းက ၄-၀ ဖြင့် မြဝတီအသင်းကိုအနိုင်ရရှိခဲ့သည်။
ဆက်လက်ပြီး “ကျွန်တော်တို့အသင်းကတော့ တစ်ပွဲချင်းစီကိုပဲ အာရုံစိုက်ကစားတဲ့အသင်းဖြစ်တဲ့အတွက် လာမယ့်ပွဲမှာလည်း အသင်းရဲ့အကောင်းဆုံးပုံစံကိုမြင်တွေ့ရမှာပါ။ အဲ့ဒါကြောင့် စောင့်ကြည့်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု ၎င်းက ပရိသတ်များကိုဖိတ်ခေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁ ပွဲယှဉ်ပြိုင်ထားပြီးချိန်တွင် ၁ ပွဲနိုင်၊ ရဂိုး ၅ ဂိုး၊ ရမှတ် ၃ မှတ်ပြည့်ဖြင့် အဆင့် ၁ နေရာတွင်ရပ်တည်နေပြီး မြဝတီအသင်းသည် ၁ ပွဲကစား၊ ၁ ပွဲသရေ၊ ရမှတ် ၁ မှတ်ဖြင့် အဆင့် ၆ နေရာတွင်ရပ်တည်နေသည်။