စုစုစည်းစည်းနှင့်အကောင်းဆုံးကြိုးစားယှဉ်ပြိုင်မည်ဟု ဝင်းနိုင်ထွန်းဆို

စုစုစည်းစည်းနှင့်အကောင်းဆုံးကြိုးစားယှဉ်ပြိုင်မည်ဟု ဝင်းနိုင်ထွန်းဆို

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုး ဝင်းနိုင်ထွန်းက ဟံသာဝတီယူနိုက်တက်အသင်းနဲ့ပွဲစဉ်တွင် စုစုစည်းစည်းနှင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမည်ဟု အဆိုပါပွဲမတိုင်မီ ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် အောက်တိုဘာလ ၁၆ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ သုဝဏ္ဏအားကစားကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၆ ကို ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နှင့်ပတ်သတ်ပြီး ဝင်းနိုင်ထွန်းက “ကျွန်တော်တို့က သူတို့ထက် တစ်ပွဲလျော့ကစားထားပါတယ်၊ သူတို့ကို နိုင်မယ်ဆိုရင် ကျွန်တော်တို့ သူတို့နဲ့ အမှတ်ပြတ်သွားမှာဖြစ်တဲ့အပြင် အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ ရှမ်းယူနိုက်တက်ကိုလည်း ပိုပြီးဖိအားပေးနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဝင်းနိုင်ထွန်းက “ကျွန်တော်တို့ အမြဲတမ်းကြိုးစားနေပါတယ်၊ လာမယ့်ပွဲမှာလည်း အသင်းလိုက် အကောင်းဆုံးပုံစံနဲ့ ကြိုးစားယှဉ်ပြိုင်သွားမှာပါ” ဟု ထပ်မံပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၃ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေပြီး ဟံသာဝတီယူနိုက်တက်အသင်းက တော့ ၁၄ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေသည်။