စစ်ကိုင်းအသင်းကို အနိုင်ရရှိပြီး သုံးမှတ်ပြည့်ယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

စစ်ကိုင်းအသင်းကို အနိုင်ရရှိပြီး သုံးမှတ်ပြည့်ယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်

ယနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက စစ်ကိုင်းအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ စစ်ကိုင်းအသင်းအတွက် မျိုးမင်းဖြိုး က ဦးဆောင်သွင်းပေးခဲ့သော်လည်း ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ကောင်းထက်စိုး၊ ကြည်လင်း နှင့် ဇာနည်ထက် တို့က သွင်းယူပေးခဲ့သည်။

၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပြီးပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့သည့် မောင်မောင်လွင် နေရာတွင် ရှိုရီဝင်ရောက်ပွဲထွက်ကစားခဲ့သည်။ ပထမပိုင်းစပြီး ၁၂ မိနစ်တွင် ပြိုင်ဘက် စစ်ကိုင်းယူနိုက်တက်အသင်း က ဦးဆောင်ဂိုးရရှိခဲ့ပြီး မျိုးမင်းဖြိုးကဘယ်ခြမ်းမှအပြင်းကန်သွင်းယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးပေးရပြီး ၄ မိနစ်အကြာတွင် ဇာနည်ထက် ဘယ်ခြမ်းကမတင်ပေးသည့်ဘောလုံးကိုဘာဖို က ဂိုးသမားညာခြမ်းသို့ ကန်သွင်းယူရန်ကြိုးစားခဲ့သော်လည်းတိုင်ဘေးမှကပ်ထွက်ခဲ့ပြီးချေပဂိုးရရှိရန် နစ်နာခဲ့သည်။ ပွဲချိန် ၃၆ တွင် ရှိုရီအစားငြိမ်းချမ်းအောင်၊ အောင်ကျော်နိုင် အစားကြည်လင်းတို့ဝင်ရောက်ကစားခဲ့ပြီး တစ်ဖက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။ ပွဲချိန် ၃၈ မိနစ်တွင် ငြိမ်းချမ်းအောင် ညာခြမ်းမှလမ်းကြောင်းချပေးသည့် ဘောလုံးကို ကောင်းထက်စိုးအမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့ပြီးချေပဂိုးရရှိခဲ့သည်။ ၂ မိနစ်အကြာတွင် တစ်ဖက်အသင်း က ငြိမ်းချမ်းအောင်ကို ပင်နယ်တီဧရိယာအတွင်းကစားပုံကြမ်းတမ်းသဖြင့် ရန်ကုန်အသင်း ပင်နယ်တီရရှိခဲ့ပြီး ကြည်လင်း က ကန်သွင်းယူနိုင်ခဲ့ရာ ပထမပိုင်းပြီးဆုံး ချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်း က စစ်ကိုင်းယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း ၄၉ မိနစ်တွင် ကြည်လင်းညာခြမ်းက ဂိုးရှေ့မတင်ပေးရာ ငြိမ်းချမ်းအောင် ပိတ်သွင်းရန်ကြိုးစားသော်လည်း အနည်းငယ် လွဲချော်ခဲ့သည်။ ရန်ကုန်အသင်းအတွက် တတိယ ဦးဆောင်ဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် နောက်တန်း အမှားမှတဆင့် ဇာနည်ထက် က အပိုင်သွင်းယူနိုင်ခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် ဘာဖို အစား အီမာနျုရယ် ဝင်ရောက်ခဲ့ပြီး ၂ မိနစ်အကြာတွင် အီမာနျုရယ် ဘယ်ခြမ်းမှ အပိုင်ကန်သွင်းရန် ကြိုးစားသော်လည်း ဂိုးတိုင်ဘေးကပ်ထွက်ခဲ့သည်။ စစ်ကိုင်းအသင်းဘက်မှ ချေပဂိုးရရှိရန် တိုက်စစ်ဆင်ကစားခဲ့သော်လည်း ရန်ကုန် နောက်တန်းနှင့် ဂိုးသမားတို့ အကောင်းဆုံးကာကွယ် ဟန့်တားထားနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးမင်းထွန်းလင်း က “အသင်းရဲ့ ကစားသမားအားလုံး ကြိုးစားပြီးတော့ အနိုင်သုံးမှတ်ရယူတဲ့အတွက် ဝမ်းသာပါတယ်။ ရှေ့လျှောက်ပွဲတွေမှာလည်း နိုင်ပွဲတွေရဖို့အတွက်ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၁ ပွဲကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၃ မှတ် ရရှိထားပြီး အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ လာမည့် စက်တင်ဘာလ ၇ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် မကွေးအသင်း နှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။