ဂိုးမရှိ သရေရလဒ်နှင့် ရာသီသိမ်းခဲ့သည့်ရန်ကုန်ယူနိုက်တက်

ဂိုးမရှိ သရေရလဒ်နှင့် ရာသီသိမ်းခဲ့သည့်ရန်ကုန်ယူနိုက်တက်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ယနေ့ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၃-၃ ကစားကွက်ဖြင့် ဧရာဝတီယူနိုက်တက်အသင်းကို ယှဉ်ပြိုင်ခဲ့သည်။ ပွဲစသည်နှင့် ရန်ကုန်ယူနိုက်တက်အသင်း အပေးအယူ အချိတ်အဆက်မိမိနှင့် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့သည်။ ပွဲချိန် ၂၆ မိနစ်တွင် ဇာနည်ထက်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ လမင်းထွေး အပိုင်ခေါင်းတိုက်ခွင့် ရရှိခဲ့သော်လည်း ဧရာဝတီယူနိုက်တက် ဂိုးသမား ကာကွယ်နိုင်ခဲ့ခြင်းကြောင့် ဦးဆောင်ဂိုး ရရှိမည့် အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ ပထမပိုင်း ပွဲကစားချိန်အတွင်း ရန်ကုန်ယူနိုက်တက်အသင်း အခွင့်အရေးတချို့ ထပ်မံရရှိခဲ့သော်လည်း ဧရာဝတီယူနိုက်တက် အသင်းနောက်တန်းက ကာကွယ်နိုင်ခဲ့သောကြောင့် ပထမပိုင်းပွဲကစားချိန်အပြီးတွင် ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်လည်း ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိရန် ထပ်မံကြိုးစားလာခဲ့ပြီး ပွဲချိန် ၆၃ မိနစ်တွင် လမင်းထွေးနဲ့ ဇာနည်ထက်အစား ထက်ဖြိုးဝေနှင့် စော်ကျော်အဲ တို့ကို လူစားလဲ အသုံးပြုခဲ့ သည်။ ထို့အပြင် ၆၆ မိနစ်တွင် ကျော်မင်းဦးအစား ရန်ကျော်စိုး ကို ထည့်သွင်းအသုံးပြုခဲ့သလို ဒဏ်ရာရရှိခဲ့တဲ့ သီဟထက်အောင် နေရမှာ ပြည့်ဖြိုးဇော်ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနှင့် ကစားနိုင်ခဲ့သော်လည်း ဧရာဝတီယူနိုက်တက်အသင်း၏ ကျစ်လစ်သည့် ခံစစ်ကစားဟန်ကြောင့် ဂိုးရရှိရန် ခက်ခဲခဲ့သည်။ ပွဲကစားချိန် ဒုတိယပိုင်းတွင်လည်း အခွင့်အရေးတချို့ ရရှိခဲ့သော်လည်း ဧရာဝတီယူနိုက်တက် နောက်တန်းကစားသမားများ ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ကစားရတော်တော်ခက်ပါတယ်၊ ကျွန်တော့်ကစားသမားတွေ တော်တော်လေး စိတ်ရှည်ပါတယ်၊ ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် တဖက်အသင်းကလည်း ကာကွယ်နိုင်ခဲ့ပါတယ်၊ ကစားပုံကိုတော့ ကျေနပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယနေ့တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အားလုံး ယှဉ်ပြိုင်ပြီးစီးခဲ့ပြီး ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် ၁၈ ပွဲတွင် ၁၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံး ရမှတ် ၃၉ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ကာ လာမည့်နှစ် AFC Cup 2023 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။