ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ချင်းလန်းအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိ

ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ချင်းလန်းအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိ

၂၀၂၂ ခုနှစ်ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ်ယနေ့နံနက်ပိုင်းကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချင်းလန်းအသင်းတို့၏ပွဲစဉ်တွင် ရန်ကုန်အသင်းက ချင်းလန်းအသင်းကို စောကျော်အဲ၏ သွင်းဂိုးများဖြင့်အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းတွင် ဘုန်းသစ္စာမင်း (ဂိုး)၊ မင်းကျော်ခန့်၊ ကျော်ဖြိုးဝေ၊ စည်သူမိုးခန့်၊ ဇာနည်ထက်၊ မောင်မောင်ဝင်း၊ ကျော်မင်းဦး၊ ရန်ပိုင်စိုး၊ သီဟ၊ ဇွဲသက်ပိုင်၊ စောကျော်အဲ တို့ပါဝင်ကစားခဲ့ကြပြီး ပွဲစပြီး ၆ မိနစ်အကြာတွင်မင်းကျော်ခန့်၏ ပေးပို့မှုမှတဆင့် စောကျော်အဲ က ဂိုးသမားဘယ်ခြမ်းကိုကန်သွင်းခဲ့ပြီး အဖွင့်ဂိုးရရှိခဲ့သည်။ ပွဲချိန်တစ်လျှောက်တစ်ဖက်အသင်းကိုဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၅ မိနစ်တွင် ဇာနည်ထက်နှင့် ကျော်မင်းဦး တို့တွဲလုံးမှတဆင့် စောကျော်အဲ က တစ်ဖက်နောက်တန်းနှစ်ယောက်ကြားမှ ဒုတိယမြောက်ဂိုးသွင်းယူ ပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ဆန်းဆက်နိုင် (ဂိုး)၊မင်းကျော်ခန့်၊ ကျော်ဖြိုးဝေ၊ ပြည့်ဖြိုးဇော်၊ ဇာနည်ထက်၊ ကျော်မင်းဦး၊ သီဟ၊ စည်သူမိုးခန့်၊ စောကျော်အဲ၊ ပြည်မိုး၊ ကျော်ဇင်ဦး ဝင်ရောက်ကစားခဲ့ပြီး ပွဲစပြီး ၂ မိနစ်အကြာတွင် ကျော်မင်းဦး ကွင်းလယ်မှပေးပို့မှုကို ကျော်ဇင်ဦး ခေါင်းတိုက်သွင်းရန်ကြိုးစားသော်လည်း လွဲချော်ခဲ့သည်။ တစ်ဖက်အသင်းက လူစားလဲလှယ်မှုများဖြင့် ချေပဂိုးရရှိရန်ကြိုးစားခဲ့သော်လည်း ရန်ကုန်နောက်တန်း အကောင်းဆုံး ဟန့်တားဖြတ်ထုတ်နိုင်ခဲ့သဖြင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ချင်းလန်းအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။