ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၆-၁ ဂိုးဖြင့်အနိုင်ရရှိ

ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက သစ္စာအားမာန်အသင်းကို ၆-၁ ဂိုးဖြင့်အနိုင်ရရှိ

ယနေ့နံနက်ပိုင်းကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်-၂ ကလပ်အသင်းဖြစ်သည့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၆-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ဆီလာ ၂ ဂိုး၊ ရန်လင်းအောင်၊ ဝင်းနိုင်ထွန်း၊ ရန်ကျော်ထွေး နှင့် သာယာဝင်းထက် တို့က ၁ ဂိုးစီသွင်းယူပေးခဲ့ ကြပြီး သစ္စာအားမာန်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို မင်းထက်နိုင် က သွင်းယူပေးခဲ့သည်။
ပထမပိုင်းတွင် ဘုန်းသစ္စာမင်း (ဂိုး) (သူရကျော်)၊ ဇော်ရဲထွန်း၊ ကျော်ဖြိုးဝေ (သူရိန်စိုး)၊ ဟိန်းဇေယျာလင်း၊ ဒေးဗစ်ထန်း၊ ရန်နိုင်ဦး၊ လှိုင်းဘိုဘို၊ ရန်လင်းအောင်၊ မင်းကျော်ခန့်၊ ဝင်းနိုင်ထွန်း နှင့် ဆီလာ တို့ ၃-၅-၂ ကစားကွက်ဖြင့် ပွဲထွက်ကစားခဲ့ကြပြီး ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၃ မိနစ်တွင် ရန်လင်းအောင် က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၂၃ မိနစ်တွင် ရန်ကုန်အသင်း ပင်နယ်တီ ရရှိခဲ့ပြီး ဆီလာ ကသွင်းယူပေးနိုင်ခဲ့သည်။ ၄ မိနစ်အကြာတွင် ဝင်းနိုင်ထွန်း ပေးပို့မှုမှတဆင့် ဆီလာ ကပင် ထပ်မံသွင်းယူ ပေးခဲ့ပြီး ပထမပိုင်းပြီးခါနီး အချိန်တွင် ဝင်းနိုင်ထွန်းက စတုတ္ထမြောက် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်တွင် ၄-၀ ဂိုးဖြင့် သစ္စာအားမာန်အသင်းကို ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် သူရကျော် (ဂိုး) (ဟန်နိုင်စိုး)၊ ဇာနည်ထက်၊ ဇော်ရဲထွန်း၊ သူရိန်စိုး၊ ဇင်ကိုထက်၊ ထက်လင်းစိုး (ဝေယံစိုး)၊ လှိုင်းဘိုဘို (ရန်လင်းအောင်)၊ သာယာဝင်းထက်၊ စအောင်ပြည့်ကို၊ လမင်းထွေး နှင့် ရန်ကျော်ထွေးတို့ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၅၄ မိနစ်တွင် သစ္စာအားမာန်အသင်းမှ မင်းထက်နိုင်က ချေပဂိုးသွင်းယူခဲ့သည်။ ၄ မိနစ်အကြာတွင် ရန်ကုန်အသင်းမှ ရန်ကျော်ထွေးက ဦးဆောင်ဂိုးထပ်မံသွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်း အတွက် အဆုံးသတ်အနိုင်ဂိုးကို သာယာဝင်းထက် က သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက သစ္စာအားမာန်အသင်းကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။