မကွေးအသင်းကွင်းလယ်ကစားသမား သီဟ ကို နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

မကွေးအသင်းကွင်းလယ်ကစားသမား သီဟ ကို နှစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

လာမည့် ၂၀၂၁ ဘောလုံးရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြည်တွင်းကစားသမားထပ်မံခေါ်ယူအားဖြည့်မှုအဖြစ် မကွေးအသင်းကွင်းလယ်လူ သီဟ ကို နှစ်နှစ်စာချုပ်ဖြင့် ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိသီဟ သည် ဟင်္သာတဇာတိဖြစ်ပြီး ကစားသမားဘဝကို ၂၀၁၄ ခုနှစ်တွင် ဧရာဝတီယူနိုက်တက် (ယူ-၁၉) အသင်းနှင့်စတင်ခဲ့သည်။ ထို့နောက် မြန်မာနေရှင်နယ်လိဂ်-၂ အသင်းများဖြစ်ကြသည့် ဒဂုံအသင်းနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်၊ City Yangon အသင်းနှင့် ၂၀၁၇ ခုနှစ်တို့တွင် ကစားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် ကလပ် မကွေးအသင်းသို့ ၂၀၁၈ ခုနှစ်တွင်ရောက်ရှိကာ ၃ နှစ်ကြာ ယှဉ်ပြိုင်ကစားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသို့ ရောက်ရှိလာသည့်အတွက် ဝမ်းသာပီတိ စကားကို ယခုလိုပြောကြားခဲ့သည်။ “ရန်ကုန်အသင်းက ကမ်းလှမ်းလာတဲ့အချိန်မှာ အရမ်းကိုပျော်ရွှင်မိပါတယ်။ မြန်မာနေရှင်နယ်လိဂ်ရဲ့ အင်အားအကြီးဆုံးအသင်းတစ်သင်းဖြစ်တဲ့အတွက် ကိုယ်တိုင်ကအရင်ကြိုးစားပြီး အသင်းအတွက် ပေးဆပ်ကစားသွားပါမယ်။ အသင်းကို အားပေးနေကြတဲ့ ပရိသတ်တွေကို ပြောချင်တာက ကျွန်တော့်ဘက်က အကောင်းဆုံးဆိုတာတွေ ပေးနိုင်ဖို့ကြိုးစားသွားပါမယ်” ဟု ၄င်းက ဆိုခဲ့သည်။