ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရန်ကုန်ယူနိုက်တက်အသင်းသို့လာရောက်စစ်ဆေးပြီး ဆွေး‌နွေးမှုများပြုလုပ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရန်ကုန်ယူနိုက်တက်အသင်းသို့လာရောက်စစ်ဆေးပြီး ဆွေး‌နွေးမှုများပြုလုပ်

Covid-19 ကြောင့် ကာလအတန်ကြာ ရပ်နားခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြန်လည်ကျင်းပနိုင်ရေးအတွက် ကြိုတင်စစ်ဆေးမှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ တာဝန်ရှိသူများ ယနေ့ နေ့လယ်က ရန်ကုန်ယူနိုက်တက်အိမ်ကွင်းသို့ လာရောက်စစ်ဆေးပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများဖြစ်ကြသော ရောဂါနှိမ်နင်းရေးဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဒေါ်သန္တာလွင်၊ ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှုး ဒေါက်တာသန်းနိုင်စိုး၊ ဗဟိုကူးစက်‌ရောဂါနှိမ်နင်းရေးဌာနမှ ညွှန်ကြားရေးမှုး ဒေါက်တာတိုးသီရိအောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး နှင့် အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က အသင်းတွင် ကျန်းမာရေးနှင့်အညီ ပြင်ဆင်ထားရှိများ၊ လိုအပ်သည့် ကျန်းမာရေးစစ်မှုများပြုလုပ်ထားခြင်း နှင့် ပြိုင်ပွဲကျင်းပမည့် ကွင်းအတွင်း၊ အပြင်ပြင်ဆင်ထားမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် က မြန်မာနေရှင်နယ်လိဂ် ပြန်လည်ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ပြင်ဆင်ထားသည်ကို အသေးစိတ်ဖြည့်စွက် ရှင်းလင်းခဲ့သည်။ ထို့နောက် ရောဂါနှိမ်နင်းရေးဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဒေါ်သန္တာလွင် က ဦးဆောင်ပြီး အကြံပြုဆွေးနွေးရာတွင် ကစားသမားများ ပြင်ပနှင့်ထိတွေ့မှုနည်းနိုင်သမျှနည်းရန် စနစ်တကျပြင်ဆင်ထားစေရေး၊ အန္တရာယ်ကင်းနိုင်သမျှကင်းစေရန် ကြိုတင်ဆောင်ရွက်ထားစေရေးအတွက် အကြံပြုဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဒေါ်သန္တာလွင် ဦးဆောင်၍ ရန်ကုန်ယူနိုက်တက် ကစားသမားအိပ်ဆောင်၊ ထမင်းစားခန်း၊ ဘောလုံးကွင်း နှင့် Gym ခန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ယခုစစ်ဆေးမှုများအပြီးတွင် သက်ဆိုင်ရာသို့ဆက်လက်တင်ပြ၍ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ အစောဆုံးပြန်လည် ကျင်းပနိုင်ရန်ခွင့်ပြု‌ပေးသွားမည်ဖြစ်ပြီး ကျင်းပမည့်ရက်ကို မြန်မာနေရှင်နယ်လိဂ်မှ ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်သည်။