ကောင်းထက်စိုး ကို ၁ နှစ် စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

ကောင်းထက်စိုး ကို ၁ နှစ် စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီအတွက် ထိုင်းလိဂ်-၃ ကလပ် ကမ်ဖမ်ဖက်အသင်းမှ ညာတောင်ပံ ကစားသမား ကောင်းထက်စိုးကို ၁ နှစ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက် ဇာတိဖြစ်သည့် ကောင်းထက်စိုး သည် ရတနာပုံ တက္ကသိုလ်အသင်းမှ တဆင့် ရန်ကုန်ယူနိုက်တက် လူငယ်အသင်းတွင် ထွန်းတောက်ခဲ့သည့် ကစားသမား တစ်ဦးဖြစ်သည်။ ရန်ကုန်ယူနိုက်တက် လူငယ်အသင်းတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ပါဝင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းကြီး၌ ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၉ ဘောလုံးရာသီတွင် ကောင်းထက်စိုး သည် ရန်ကုန်ယူနိုက်တက်အသင်းတွင် အားထားရသည့် လူငယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ပြည်တွင်းနှင့် AFC Cup ပြိုင်ပွဲတွင်လည်း ခြေစွမ်းပြပါဝင် ကစားခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း တွင် ကောင်းထက်စိုး သည် ၂၀၁၅ ခုနှစ်တွင် MNL U-21 ချန်ပီယံဆုကိုရယူပေးနိုင်ခဲ့သလို ၂၀၁၉ ခုနှစ်တွင်လည်း ရန်ကုန်ယူနိုက်တက် အသင်းကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ရယူပေးနိုင်ခဲ့ သည့် ကစားသမားတစ်ဦးဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ထိုင်းလိဂ်-၃ ကလပ် ကမ်ဖမ်ဖက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၁၃ ပွဲ ပါဝင်ကစားခဲ့ကာ ၆ ဂိုးသွင်းယူ နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်တွင် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာယူ-၂၂ အသင်းတွင် ရွေးချယ်ခံ ခဲ့ရသလို 2021 AFF Suzuki Cup ပြိုင်ပွဲအတွက်လည်း ရွေးချယ်ခံခဲ့ရသည်။
ကောင်းထက်စိုး က “ ရန်ကုန်ယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူခဲ့တဲ့ အတွက် ကျွန်တော့်အတွက် အရမ်း ကောင်းပါတယ်၊ ပျော်လဲပျော်ပါတယ်။ ပြီး‌တော့ ကျွန်တော့်အတွက်ဆိုရင် ရန်ကုန်အသင်းက ဒုတိယမိသားစုလိုလည်း ဖြစ်နေပါပြီ။ အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ် ဖလား မကိုင်မြှောက်ဖူးသေး တဲ့အတွက် ချန်ပီယံဖြစ်‌အောင် အကောင်းဆုံးကြိုးစားသွားမှာပါ၊ AFC မှာလည်း အသင်းနဲ့အတူ နေရာတစ်ခုရောက်အောင် ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့သည်။