ကလိုင်ရွာ ရေဘေးသင့် ပြည်သူများကို ရန်ကုန် အသင်း၊ ကစားသမားများနှင့် ပရိသတ်များ သွားရောက် လှူဒါန်း ကူညီ

ကလိုင်ရွာ ရေဘေးသင့် ပြည်သူများကို ရန်ကုန် အသင်း၊ ကစားသမားများနှင့် ပရိသတ်များ သွားရောက် လှူဒါန်း ကူညီ

ရန်ကုန်ယူနိုက်တက် အသင်း၊ ကစားသမားများနှင့် ပရိသတ်များသည် ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ်၊ ကလိုင်ကျေးရွာနှင့် အနီးပတ်ဝင်းကျင်ရှိ ရွာများ အတွက် အစားအစာ၊ ဓါတ်ဆားနှင့် ရေသန့် အပါအဝင် အခြား ပစ္စည်းများကို ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် သွားရောက် လှူဒါန်း ခဲ့သည်။

ရန်ကုန် ယူနိုက်တက် ကစားသမားများဖြစ်ကြသော ခင်မောင်လွင်၊ ရာဇာဝင်းသိန်း၊ ကျော်ကိုကို၊ ရန်အောင်ကျော်၊ အောင်ဇော်၊ ပြည့်ဖြိုးအောင်တို့သည် အသင်း ကိုယ်စား လိုက်ပါခဲ့ကြပြီး ရန်ကုန် အသင်း အမာခံ ပရိသတ် အချို့လည်း ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြသည်။

ခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ်၊ ကလိုင်ကျေးရွာရှိ ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးသင့် ဒုက္ခသည်များအား စောင့်ရှောက် ကူညီထားရာ ဒေသခံများ၏ အကူအညီဖြင့် သနပ်ပင် ထာဝရ ရေတံခါးနားအထိကို ကုန်းလမ်း ခရီးဖြင့်လည်းကောင်း၊ ရေတံခါးမှ ကလိုင်ရွာ အထိအား စက်လှေများဖြင့်လည်းကောင်း သွားရောက်ခဲ့ရသည်။

ရန်ကုန်ယူနိုက်တက် အသင်း၊ ကစားသမားများနှင့် ပရိသတ်များ ပါဝင်သည့် အဖွဲ့သည် KTM သောက်ရေသန့် အလုံး ၂၀၀၀ ကျော်၊ အသင့်စား ခေါက်ဆွဲခြောက်များ၊ အခြား အစားသောက်များ၊ ဓါတ်ဆားနှင့် ဆေးဝါးများနှင့် အဝတ်အထည် အချို့တို့ကို ရေဘေးသင့် ပြည်သူများအတွက် ကျေးရွာများအရောက် လှူဒါန်းပေးခဲ့သည်။ ထို့အပြင် ကလိုင်ရွာဦး ဘုန်းတော်ကြီးကျောင်း အတွက်လည်း အလှူတော်ငွေ ကျပ် တစ်သိန်းလေးထာင် စုပေါင်း လှူဒါန်းခဲ့သည်။

“ ဒီဘက်အခြမ်းက သွားလာရ ခက်ခဲတာရယ်၊ ချောင်ကျတာရယ်ကြောင့် တစ်ခါမှ ဒီလို အလှူရှင်တွေ မလာဖူးဘူး။ ရေကြီးတော့ မျိုးစပါးတွေက ချထားပြီးပြီလေ၊ မျိုးစပါးလည်း မရှိတော့ဘူး၊ ရေကျသွားရင်တောင် မျိုးစပါး ပြန်ဝယ်ဖို့ ပိုက်ဆံ မရှိဘူး၊ ဒီမှာ စားဖို့တောင် တော်တော် ဒုက္ခ ရောက်နေကြပြီ၊ လာလှူတာ ဘောလုံးအသင်းကဆိုတာပဲသိတယ်။ ဒီရွာမှက အခုအထိ မီးမရသေးဘူး၊ ဒါကြောင့် တီဗွီလည်း မကြည့်ရကြဘူးလေ ဒီတော့ အဒေါ်တို့က ဒီအသင်းကို အခုမှ ကြားဖူးတာ။ မြန်မာ့လက်ရွေးစင် ကစားသမားတွေလို့တော့ပြောတယ်။ သူတို့ကို အခုမှ မြင်ဖူးတာပါ။ ဒီလို ဒုက္ခ ရောက်နေတဲ့ အချိန်မှာ ရန်ကုန်ကနေ ဒီရွာ အထိ လှေတစ်တန်၊ ကားတစ်တန်နဲ့ လာကူညီပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်” ဟု ကလိုင်ရွာခံ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန် ယူနိုက်တက် အသင်း ခေါင်းဆောင် ခင်မောင်လွင်ကလည်း ” ကျွန်တော်ကို ဒီလို လူမှုရေး လုပ်ငန်းတွေမှာ မကြာခဏ လုပ်ဆောင်ခွင့်ရတာ ရန်ကုန်ယူနိုက်တက် အသင်း ဥက္ကဌနဲ့ အုပ်ချုပ်မှု အဖွဲ့ကြောင့်ပါ။ ဒီလို တကယ်လိုအပ်တဲ့ နေရာကို လှူဒါန်းခွင့်ရတဲ့ အတွက် ဘယ်လောက်မောမော ပီတိ ဖြစ်မိတယ်။ ပူးပေါင်းပါဝင်ပေးကြတဲ့ ရန်ကုန် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။” ဟု ဆိုသည်။