ကန်ဖန်ဖက်အသင်းအလယ်တန်းကစားသမား ရန်လင်းအောင် ကို ၁ နှစ် စာချုပ်ချုပ်ဆို

ကန်ဖန်ဖက်အသင်းအလယ်တန်းကစားသမား ရန်လင်းအောင် ကို ၁ နှစ် စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီအတွက် ထိုင်းလိဂ်-၃ကလပ် ကန်ဖန်ဖက်အသင်းမှ အလယ်တန်းကစားသမား ရန်လင်းအောင် ကို ၁ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်း၏ မျိုးဆက်ကစားသမား တစ်ဦးဖြစ်သည့် ရန်လင်းအောင် သည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းမှ မွေးထုတ်ပေးခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ၂၀၁၃ ခုနှစ်မှစတင်ကာ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတွင် စတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာယူ-၂၀ အသင်းနှင့်အတူ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သူ ဖြစ်သည်။
၂၀၁၂ ခုနှစ်မှစတင်ကာ ရန်ကုန်လူငယ်အသင်းနှင့် စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ လူငယ်အသင်းချန်ပီယံဆုကို ရရှိခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းကြီး တက်လှမ်းနိုင်ခဲ့ကာ အသင်းနှင့်အတူ ၂၀၁၈ ကွင်းဖွင့်ဖလား၊ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း နှစ်နှစ်ဆက် ချန်ပီယံဆုတို့ကို ကိုင်မြှောက်နိုင်ခဲ့သည့်သူတစ်ဦးဖြစ်သည်။
ရန်လင်းအောင် က ယခုလိုအသင်းနှင့် ပြန်လည်ကမ်းလှမ်းခေါ်ယူခဲ့သည့်အတွက် ဝမ်းသာစကားကို ယခုလို ပြောကြားခဲ့သည်။ “ရန်ကုန်ယူနိုက်တက်အသင်းကိုပြန်လည်ရောက်ရှိလာတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ်။ ကျွန်တော့်ဘက်ကလည်း အသင်းအတွက်အကောင်းဆုံးပေးဆပ်ပြီးကစားသွားပါမယ်။”