ကင်မရွန်းနိုင်ငံသား ပက်ထရစ်ကို ၁ ရာသီစာချူပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ကင်မရွန်းနိုင်ငံသား ပက်ထရစ်ကို ၁ ရာသီစာချူပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယမြောက် ပြည်ပကစားသမားခေါ်ယူမှုအဖြစ် စစ်ကိုင်းယူနိုက်တက် အသင်းတိုက်စစ်မှုးဟောင်း ကင်မရွန်းနိုင်ငံသား ပက်ထရစ်ဂေးအဲလာအဒူဘက် ကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။

ပက်ထရစ်သည် ပြီးခဲ့သည့် ၂၀၂၀ ဘောလုံးရာသီတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့ပြီး သွင်းဂိုး ၁၄ ဂိုးဖြင့် ဂိုးသွင်းအများဆုံးဒုတိယနေရာတွင်ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ကင်မရွန်းနိုင်ငံသားသည် မြန်မာနေရှင်နယ်လိဂ်သို့ ဧရာဝတီယူနိုက်တက်အသင်းနှင့်အတူ ၂၀၁၈ ခုနှစ်တွင် ရောက်ရှိခဲ့ကာ သွင်းဂိုး ၁၆ ဂိုးနှင့် ဒုတိယဂိုးသွင်းအများဆုံးစာရင်းဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမအကျော့တွင် ဇွဲကပင်ယူနိုက်တက်၊ ဒုတိယအကျော့တွင် ဒဂုံအသင်းသို့ပြောင်းရွေ့ခဲ့သည်။ ထို ၂၀၁၉ ခုနှစ်တွင်လည်း သွင်းဂိုး ၁၀ ဂိုးဖြင့် တတိယဂိုးသွင်းအများဆုံးအဖြစ် ဝင်းနိုင်စိုးနှင့်အတူ ရရှိခဲ့သည်။ ထို့နောက်၂၀၂၀ ခုနှစ်တွင် စစ်ကိုင်းယူနိုက်တက်အသင်းသို့ ပြောင်းရွေ့ကစားခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၄ ဂိုးနှင့်သုံးနှစ်ဆက် ဂိုးသွင်းအများဆုံးစာရင်းတွင် ပါဝင်လာခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။

“မနှစ်က စစ်ကိုင်းအသင်းမှာကစားတုန်းက ဇွဲကပင်အသင်းနဲ့ပွဲမှာ ၂ ဂိုး၊ ချင်းလန်းအသင်းနဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့ပေမယ့် ရာသီဝက်အပြီးမှာ သူတို့နှစ်သင်းထွက်သွားခဲ့တဲ့အတွက် အဲ့ဒီ ၃ ဂိုးကိုထည့်မတွက်ခဲ့တာကြောင့် စိတ်မကောင်းပါဘူး။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ကျွန်တော့်သွင်းဂိုးက ပြောခဲ့တဲ့ ၃ ဂိုးအပါအဝင်ဆို စုစုပေါင်း ၄၃ ဂိုးလို့ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခု ကျွန်တော်အသင်းသစ်မှာ အသင်းဖော်တွေရဲ့ ပံ့ပိုးမှုနဲ့အတူ ဂိုးသွင်းအများဆုံးဖြစ်အောင် ဆက်လက်ကြိုးစားပြီး ဆုဖလားရရှိအောင် စွမ်းဆောင်ပေးသွားပါမယ်။” ဟု ၄င်းကဆိုသည်။

ပက်ထရစ် က ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာသည့်အတွက် ဝမ်းသာကြောင်းကို ယခုလိုပြောကြားခဲ့ပါတယ်။ “ဒီလိုသမိုင်းကြောင်းရှိတဲ့အသင်းကြီးမှာလာရောက်ကစားရတဲ့အတွက် အရမ်းကိုပျော်ရွှင်မိပါတယ်။ အသင်းဖော်တွေနဲ့အတူ ဆုဖလားတွေရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားပါမယ်။ ဆုဖလားတွေရရှိဖို့ကျွန်တော်ဘက်ကအကောင်းဆုံး ပေးဆပ်သွားမှာဖြစ်ပြီး ပရိသတ်တွေကလည်း အားပေးကြဖို့ပြောချင်ပါတယ်။” ဟု ပြောကြားခဲ့သည်။