ဧရာဝတီအမျိုးသမီးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း သရေရလဒ်ထွက်ပေါ်
Myanmar Women league ရဲ့ ဒုတိယအကျော့နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်းတို့ ယနေ့ညနေက ပဒုမ္မာကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ပထမပိုင်းတွင်ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက တိုက်စစ်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် (၃၅) မိနစ်တွင် ဇင်မိုးပြည့်ရဲ့တစ်ကိုယ်တော် တိုးအားမှတဆင့် ရန်ကုန်ယူနိုက်တက်အသင်းဦးဆောင်ဂိုးရရှိခဲ့ပြီး ပထမပိုင်းကို ၁-၀ အသာနှင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် ဧရာဝတီအသင်း ချေပဂိုးရရှိရေးအတွက်တိုက်စစ်မြှင့်တင်ခဲ့သော်လည်း နှစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်မှုများနှင့် ကြည့်ကောင်းခဲ့ရာ ပွဲချိန် (၈၇) မိနစ်တွင် ဧရာဝတီအသင်းက ချေပဂိုးရရှိခဲ့ပြီး စန်းသော်သော်မှသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူတိုက်တက်အမျိုးသမီးအသင်းသည် ၁၂ ပွဲကစား၊ ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ်၂၆ မှတ်နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး မြန်မာအမျိုးသမီးလိဂ် ၂၀၂၄ (တတိယအကျော့) ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာလ (၇) ရက်နေ့တွင် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ပဒုမ္မာကွင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။