ရတနာပုံအသင်းကို ၅-၂ ဂိုးနှင့် အနိုင်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၆ အဖြစ် ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အသင်းက ရတနာပုံအသင်းကို ၅-၂ ဂိုးနှင့်အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ပွဲစဉ်တွင် ကစားသမားအပြောင်းအလဲတချို့နှင့် ပြင်ဆင် ပွဲထွက်ယှဉ်ပြိုင်လာခဲ့သည်။ ရတနာပုံအသင်းက ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၁၃ မိနစ်တွင် တည်ငြိမ်မင်း က သွင်းယူပေးခဲ့သည်။ ချေပဂိုးပြန်လည်ရရှိရေးအတွက် ပြန်လည်ကြိုးစားခဲ့ပြီး ၂၅ မိနစ်တွင် ရန်ကျော်ထွေးက ပိတ်သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းတွင် တစ်ဖက်တစ်ဂိုးစီနှင့် သရေရလဒ်ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်းတွင် ရတနာပုံအသင်းက အာကာ ၏ သွင်းဂိုးနှင့်ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။ ဦးဆောင်ဂိုးထပ်မံခွင့်ပြုခဲ့ရသော်လည်း ရန်ကုန်အသင်း ပုံစံကောင်းတစ်ခုနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ကာ ပွဲချိန် ၅၈ တွင် လှိုင်းဘိုဘို ၏ ၁၈ ကိုက်ထိပ်မှကန်ချက်ဖြင့် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ ရန်ကုန်အသင်းအတွက်ဦးဆောင်ဂိုးကို ကောင်းစည်သူ က ၇၆ မိနစ်၊ စတုတ္ထဂိုးကို ဇော်ဝင်းသိန်း က ၈၅ မိနစ်နှင့် အဆုံးသတ်အနိုင်ဂိုးကို အောင်မျိုးခန့်က အချိန်ပို ၅ မိနစ်တွင်သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ၅-၂ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးကျော်ဒွန်း က “ အာရုံစူးစိုက်မှုအားနည်းသွားတဲ့အတွက်ဂိုးတွေပေးလိုက်ရပါတယ်။ အဲ့ဒါတွေကျွန်တော်တို့ပြင်ဆင်ရပါမယ်” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၆ ပွဲကစားပြီးချိန်တွင် ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၁၄ မှတ်ရရှိထားပြီး လာမည့် ဩဂုတ်လ ၁၇ ရက်နေ့၊ အား/ကာသိပ္ပံအသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။