မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် -၅ အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့၏ပွဲစဉ်ကို ယနေ့ညနေက တောင်ကြီးအားကစားကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း အကောင်းဆုံးပုံစံနှင့် ပွဲထွက်ကစားလာခဲ့ပြီး ပွဲချိန် ၁၄ မိနစ် တွင် ရန်နိုင်ဦး ဂိုးကန်သွင်းရန်ကြိုးစားရာမှ တိုင်ထိပြန်ထွက်လာသည့် ဘောလုံးကို ဥက္ကာနိုင်က ခေါင်းတိုက်သွင်းရန်ကြိုးစားသော်လည်း ဂိုးသမားပုတ်ထုတ်ခဲ့သည်။ ဆက်တိုက်ပင် ပြန်လျှံထွက်လာသည့်ဘောလုံးကို ကောင်းစည်သူ က အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့ပြီး ရန်ကုန်အသင်းဦးဆောင်ဂိုး ရရှိခဲ့သည်။ ဆက်လက်ပြီး ရန်ကုန်အသင်း ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့ကာ ပွဲချိန် ၂၆ မိနစ်တွင် ရရှိသည့် ပြစ်ဒဏ်ဘောကို ရန်နိုင်ဦး ကန်တင်ရာမှပြန်လျှံထွက်လာသည့် ဘောလုံးကို ကျော်ဖြိုးဝေ က ညာခြမ်းကနေ ကန်သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ၂-၀ ဂိုးအသာနှင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်ဖက်အသင်း အကောင်းဆုံးအပြန်အလှန်တိုက်စစ်ဆင်မှုများနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းအသင်းအတွက် ချေပဂိုးကို ၄၇ မိနစ်နှင့် ၆၉ မိနစ်တို့တွင် မက်ဆာကီ ကပြန်လည်သွင်းယူခဲ့ကာ ပွဲပြီးဆုံးချိန်တွင် တစ်ဖက် နှစ်ဂိုးစီနှင့် ရမှတ်ခွဲယူခဲ့ကြသည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဦးကျော်ဒွန်း က “ ကစားသမားတွေကြိုးစားခဲ့ကြပါတယ်။ ၂-၀ ဦးဆောင်နေတာကနေ ဂိုးတွေပြန်ခွင့်ပြုခဲ့လိုက်ရတယ်။ အာရုံစူးစိုက်မှုလျော့သွားတာလည်းပါပါတယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၅ ပွဲကစား၊ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရမှတ် ၁၁ မှတ် ရရှိထားပြီး လာမည့် ဩဂုတ်လ ၁၁ ရက်နေ့၊ သုဝဏ္ဏကွင်းတွင် ရတနာပုံအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။